
တစ်ရက်တာမှာ ဝန်ထမ်းတစ်ယောက်ဟာ အိပ်ချိန်ကိုဖယ်လိုက်ရင် သူ့အိမ်ထက် အလုပ်ခွင်မှာ ပိုပြီး အချိန်များများနေရလေ့ရှိပါတယ်
ဒါကြောင့် အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ အမြဲရှိနေဖို့က သူ့တာဝန်ပဲလို့တော့ မျှော်လင့်လို့မရပါဘူး

လုပ်ငန်းခွင်တွင်း အလုပ်ပြီးမြောက်အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုကနေမှအခြေခံလာတာဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အရေးကြီးဆုံးအရာတစ်ခုလည်း ဖြစ်ပါတယ်...
ဒါကိုရရှိဖို့အတွက် လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေက ပထမဦးဆုံး စတင်လုပ်ဆောင်ပေးဖို့ လိုပါတယ်

ဘာတွေကို လုပ်ဆောင်ရမလဲဆိုတာကို 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 ကနေ ဒီပို့စ်လေးမှာ ပြောပြပေးထားပါတယ်

ချီးကျူးအားပေးမှု
သူ့အလုပ်တာဝန်ကို သူ ကျေပွန်အောင် လုပ်နေတာပဲဆိုရင်တောင် ဒါကို အသိအမှတ်ပြုပေးပါ...ဥပမာ-အခုပြီးသွားတဲ့ ပရောဂျက်မှာ မင်းလုပ်တာ ကောင်းပါတယ် ဆိုတာမျိုး နေ့စဥ်အောင်မြင်မှုအသေးလေးတွေကို အသိအမှတ်ပြုပေးပါ။

မြင်သာတဲ့ ဆက်ဆံရေး (Clear Communication)
ကိုယ်က တာဝန်ပေးတာ၊ အဆိုင်းမန့်ပေးတာတွေမှာ ဒါကိုလုပ်လိုက်ဆိုပြီးပဲ ပြောလိုက်တာမျိုးထက် လုပ်ဆောင်သင့်တဲ့နည်းလမ်းတွေ၊ လိုချင်တဲ့ပန်းတိုင်၊ ပြီးမြောက်ရမယ့်အချိန်တွေကို တစ်ခါတည်း ရှင်းလင်းအောင် ပြောလိုက်သင့်ပါတယ်...အလုပ်ပေးသူနဲ့ အလုပ်လုပ်သူအကြား နားလည်မှုရှိရှိ တိုင်ပင်လုပ်ဆောင်ခြင်းက လုပ်ငန်းအောင်မြင်ဖို့ ၅၀ရာခိုင်နှုန်း သေချာစေပါတယ်။

တန်ဖိုးထားယုံကြည်မှု
ဘယ် Department ကဘယ်ရာထူးနဲ့ဝန်ထမ်းပဲဖြစ်ပါစေ ဝန်ထမ်းတစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပေးမယ်ဆိုရင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၊ လုံခြုံမှုကို တိုးပွားစေပါတယ်။ ဒါက အလုပ်ရှင် နဲ့ အလုပ်သမားကြားက အပြန်အလှန် လေးစားယုံကြည်မှုကို တည်ဆောက်ပြီးသားလည်း ဖြစ်စေပါတယ်။

Healthy Work Environment
အလုပ်လုပ်ဖို့ အဆင်ပြေပြီး သက်သောင့်သက်သာရှိတဲ့ ရုံးခန်းအပြင် ထမင်းစားဖို့နေရာ၊ နားနေဖို့နေရာတွေ ထားရှိပေးတာက အလုပ်ဖိအားကို လျော့ကျစေပြီး တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။

တိုးတက်ဖို့ အခွင့်အလမ်း
တိုးတက်ချင်တဲ့ ဝန်ထမ်းတွေအတွက် သင်တန်းတိုတွေနှင့် Workshop တွေ စီစဥ်ပေးတာမျိုးက အလုပ်မှာ ပိုတော်လာစေနိုင်သလို ကုမ္ပဏီက သူတို့ကို တိုးတက်စေချင်တယ်၊ စေတနာရှိတယ်ဆိုတဲ့ ခံစားချက်မျိုးရစေနိုင်တာကြောင့် အလုပ်မှာ ပိုပြီးစိတ်ပါဝင်စားစေပါတယ်။

Well-being Support
ကိုယ်ခန္ဓာကျန်းမာဖို့ Gym နေရာ ထားရှိပေးတာ၊ Yoga ဆရာ စီစဥ်ပေးတာ၊ စိတ်ကျန်းမာဖို့ Counselling Section တွေ စီစဥ်ပေးတာတွေကလည်း လုပ်ငန်းကြီးတွေ၊ ဝန်ထမ်းများတဲ့နေရာတွေအတွက် တကယ်သင့်တော်ပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေကိုလည်း ရရှိစေပြီး တက်ကြွစေပါတယ်။

Team Bonding Activities
အဖွဲ့လိုက် ကစားပွဲတွေ စီစဥ်ပေးတာ၊ မွေးနေ့ပွဲလုပ်ပေးတာ၊ ညစာအတူထွက်စားကြတာမျိုးက ဝန်ထမ်းအချင်းချင်းဆက်ဆံရေးကောင်းမွန်စေပြီး လုပ်ငန်းခွင်တွင်းဆက်ဆံရေးကို တိုးတက်စေပါတယ်။

ပျော်ရွှင်တက်ကြွမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုကိုတည်ဆောက်ဖို့ဆိုတာ ရေရှည်ပြုလုပ်ရမဲ့ အစီအစဥ်တစ်ခုပဲ ဖြစ်ပါတယ်...လုပ်ငန်းရှင်ဘက်ကနေ လုပ်ငန်းခွင်တွင်း သာယာပျော်ရွှင်မှုရှိအောင် စတင်လိုက်မယ်ဆိုရင် ဝန်ထမ်းတွေဘက်က တာဝန်ကျေပွန်မှုနဲ့ အလုပ်အောင်မြင်မှုဟာ နောက်ဆက်တွဲအဖြစ် လိုက်လာမှာအသေအချာပါပဲ

ဒါကြောင့် ခုပြောပြထားတဲ့အချက်တွေကို အကောင်အထည်ဖော်ရင်း ပျော်ရွှင်အောင်မြင်တဲ့ လုပ်ငန်းခွင်ကို တည်ဆောက်ကြည့်ရအောင်!